ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။
Showing posts with label ဓမ္မဆောင်းပါး. Show all posts
Showing posts with label ဓမ္မဆောင်းပါး. Show all posts

Monday, December 31, 2012

သီလ၏ ကောင်းကျိုး ဆိုးပြစ်များ

dahmmapalace | 8:12 AM | Best Blogger Tips
သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုးရပုံများ၊ သီလမရှိခြင်း၏ ဆိုးကျိုးရပုံတို့ များစွာရှိပါသည်။ ကောင်းကျိုးဆိုးကျိုးများသည် စောင့်ထိန်းသောသီလ၊ လွန်ကျုးသောသီလတို့အပေါ်၌ မူတည်ပြီး အကျိုးတရားများ ရရှိခံစားကြရပါသည်။ ထို့ကြောင့် သီလတစ်ခုချင်း၏ ကောင်းကျိုးဆိုးကျိုးများကို ရေးသားတင်ပြလိုက်ပါသည်။


ပါဏာတိပါတကံ၏ အကျိုးများ


သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ၌ ငရဲဘုံအစရှိသော အပါယ်လေးဘုံသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခမှန်သမျှတို့ကို ခံစားရပါသည်။ အကယ်၍ ရှေးကောင်းမှုကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ပြီး လူ့ဘ၀ကိုရခဲ့လျှင်လည်း.......


၁။ အသက်တိုခြင်း။

၂။ အနာရောဂါများ၍ ကျန်းမာမှုနည်းခြင်း။

၃။ အားအင်မရှိခြင်း။

၎။ ကြောက်ရွံ့တတ်ခြင်း။

၅။ စိုးရိမ်ပူပန်စိတ်များခြင်း။

၆။ သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း။

၇။ သူတစ်ပါးသတ်၍လည်းကောင်း၊ မိမိကိုယ်တိုင်ပြန်သတ်၍လည်းကောင်း သေရခြင်း။

၈။ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊

၉။ ခန္ဓာကိုယ်ပြေပြစ်မှုမရှိခြင်း။

၁၀။ မိမိချစ်ခင်သောသူများနဲ့ ကွဲကွာရခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။


စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာ သုခတို့ကို ခံစားရပါသည်။

ထို့ကြောင့် လူတစ်ယောက်ကိုကြည့်လျှင် ပါဏာတိပါတကံအစရှိသော သီလရှိခဲ့မရှိခဲ့ သိနိုင်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် အသိဉာဏ်ပညာကြီးမားသော လူသားပီပီ “လူကောင်း”တစ်ယောက်ဖြစ်အောင် ဤသီလတို့ကို စောင့်ထိန်းလိုက်နာကြရန် လိုပါသည်။

သီလ၏ အဓိပ္ပါယ်

dahmmapalace | 8:04 AM | Best Blogger Tips
သီလဆိုသည်မှာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းမှုမရှိစေဘဲ နူ့ညံ့သိမ်မွေ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့်တိုးပွားအောင် ကောင်းစွာ လုပ်ဆောင်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုပါသည်။

တစ်နည်းအားဖြင့် သီသ-ဦးခေါင်းဟူသော စကားမှ ဆင်းသက်ရွေ့လျောလာ၍ သီသမှသီလဟု ပြောင်းလဲ လာခဲ့သည်။ သတ္တ၀ါများ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံးပျက်စီးသွားသကဲ့သို့ လူတစ်ယောက်မှာ သီလတရားပျက်စီးသွားလျှင်လည်းကောင်း၊ သီလတရားမရှိလျှင်လည်းကောင်း ကုသိုလ်ဟူသမျှ မရရှိနိုင်တော့၍ အလုံးစုံပျက်စီးသွားတော့သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် လောက၌ အပူအေးငြိမ်းခြင်းကို “သီတလ”ဟု ခေါ်ကြ၏။ ထို“သီတလ”မှ အလယ်အက္ခရာ (တ၀မ်းပူ)ဖြုတ်၍ သီလဟု ခေါ်ကြပါသည်။ သတ္တ၀ါ တို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှတို့ကို ငြိမ်းအေးအောင် ပြုလုပ်ပေးတတ်သောကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

သံဃိကဒါနဖြစ်အောင် လှူပုံလှူနည်း

dahmmapalace | 8:01 AM | Best Blogger Tips
သံဃိကဒါနဆိုသည်မှာ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသောဒါနဖြစ်ပါသည်။ မိမိလှူမည့် ဆွမ်းသင်္ကန်း စသော ပစ္စည်းများကို သာသနာတော်၌ရှိသမျှ သံဃာအားလုံးကို ရည်မှန်း၍လှူဒါန်းလျှင် ရဟန္တာပုဂ္ဂိုလ်များမှအစ ပုထုဇဉ်ရဟန်းသံဃာများပါမကျန် သံဃာအားလုံးကို လှူဒါန်းရာရောက်လေ၏။ ထိုလှူသော ပစ္စည်းဝတ္ထုများကို အနီးအနားမှာရှိသော သံဃာများသုံးဆောင်လို့ ရပါသည်။ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းထားခြင်းဖြစ်သော်လည်း သံဃာအားလုံးကို လိုက်ပြီးဝေငှရန် မလိုပါ။


ထိုကဲ့သို့ သံဃိကဒါနဖြစ်အောင် လှူဒါန်းရာတွင် စိတ်ကလည်း သံဃာအားလုံးသို့ညွတ်၍ လှူဒါန်းမှသာလျှင် သံဃိကဒါနအစစ် ဖြစ်ပါသည်။ နှုတ်က သံဃဿဒေမ-သံဃာအားလုံးအား လှူဒါန်းပါ၏ဟု ဆိုနေပါသော်လည်း စိတ်က မိမိကြည်ညိုနေသော ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူချင်စိတ်ဖြစ်နေပါက သံဃိကဒါန အစစ်မဖြစ်နိုင်ပါ။

ပညာ၏ အဓိပ္ပါယ်

dahmmapalace | 7:58 AM | Best Blogger Tips
သူတော်ကောင်းဥစ္စာ၌ပါဝင်သော ပညာဆိုသည်မှာ.........

၁။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကိုသိသော ၀ိပဿနာပညာနဲ့ပြည့်စုံခြင်း။

၂။ ကိလေသာအညစ်အကြေးကင်းစင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၃။ လောဘ ဒေါသ မောဟစသော ကိလေသာ အတုံးအခဲများကို ဖြိုးခွဲနိုင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၎။ ၀ဋ်ဆင်းရဲ ကိလေသာဆင်းရဲတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။


အထက်ပါ အချက်အလက်တို့နဲ့ ပြည့်စုံ၍ ပညာရှိသောသူကို မြတ်စွာဘုရားက အရိယာသူတော်ကောင်းဟူ၍ မိန့်ကြားခဲ့ပါသည်။ ယခုခေတ်၌ ထိုပညာများနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့မှာ ရှားပါးလှပါသည်။ ထိုကဲ့သို့ အရိယာသူတော်ကောင်းများ နည်းပါးမှုကြောင့် ထိုပညာများနဲ့ပြည့်စုံမှသာလျှင် “လူကောင်း”ဟု သတ်မှတ်ပါက ယခုခေတ်၌ အလွန်ပင်ရှားပါးနေသောကြောင့် “လူကောင်း”ဟု သတ်မှတ်ခေါ်ဆိုရန် မလွယ်ကူပါ။

သုမနပန်းသည်၏ သဒ္ဓါတရား ကောင်းမွန်ပုံ

dahmmapalace | 7:52 AM | Best Blogger Tips
သုမနပန်းသည်သည် ဗိမ္ဗိသာရမင်းကြီးကို နေ့စဉ်မပြတ် နံနက်တိုင်း ပန်းဆက်သရပါသည်။ ထို့သို့ဆက်သလျှင် တစ်နေ့ကို အသပြာရှစ်ကျပ်ရလေသည်။ တစ်နေ့ဝယ် သုမနပန်းသည်သည် မင်းကြီးကို ဆက်သရန် မြတ်လေးပန်းတို့ကို ယူဆောင်လာစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာသော ဘုရားရှင်နဲ့တွေ့၍ ဖူးမြင်ရသောအခါ ကြည်ညိုသောသဒ္ဓါတရားများ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် လှူရန်ပစ္စည်းလိုက်ရှာကြည့်သောအခါ တစ်စုံတစ်ခုသောဝတ္ထုကိုမျှ မမြင်ဘဲ ဖြစ်နေပါသည်။


ထိုအခါ သုမနပန်းသည်သည် ”ယခု ငါယူလာခဲ့သော မင်းကြီးအား ဆက်သရမည့်ပန်းတို့ကို လှူဒါန်းပူဇော်မည်။ မင်းကြီးသည် သူ့ကို ဆက်သရမည့် ပန်းတို့ကို မဆက်သ၍ ငါ့ကိုဖမ်းချင်လည်း ဖမ်းပါစေ၊ သတ်ချင်လည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပါစေ၊ ထိုမင်းကို ဆက်သလျှင် ငါ့အား တစ်ဘ၀စာ လုံလောက်ရုံမျှသော ဥစ္စာများကိုသာ ပေးလိမ့်မည်။ ဘုရားရှင်အား လှူဒါန်းလျှင် တစ်သံသရာလုံး၌ ချမ်းသာမည့်အပြင် အမြတ်ဆုံး အချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်ပေလိမ့်မည်” ဟု ယုံကြည်ခြင်းသဒ္ဓါတရား လွန်ကဲစွာဖြင့် မိမိအသက်ကို ပဓာနမထားဘဲ မတွန့်မဆုတ်သော သဒ္ဓါတရားဖြင့် မြတ်လေးပန်းတို့ကို လှူဒါန်းပူဇော်လေသည်။

သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု

dahmmapalace | 7:51 AM | Best Blogger Tips
သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။


ထိုနေရာသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများတို့ စားဖွယ်သောက်ဖွယ်များကို စီမံသောအရပ်ဟုထင်၍ လာခဲ့၏။ ဤနေရာသည် မြတ်စွာဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို မှတ်သားမိအောင် နာဦးမည်”ဟု ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌နေလျှက် တရားတော်ကို ရိုသေစွာနာယူလေ၏။

Sunday, December 30, 2012

အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်

dahmmapalace | 12:58 AM | Best Blogger Tips
အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ် ၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ …တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။ ၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။ ၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။ ၄။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။ ၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။ ၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။ ၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။ ၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။ ၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။ ၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။ ၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။ ၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။ ၁၃။

ဒဏ္ဍာရီထဲက သင်္ကြန်

dahmmapalace | 12:51 AM | Best Blogger Tips
သင်္ကြန်


သင်္ကြန်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုတစ်ခုပါ။ ဒါပေမယ့် တခြားဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ “ထိုင်း၊ လာအို ၊ ကမ္ဘောဒီးယား” နိုင်ငံတွေမှာလည်း သင်္ကြန်ပွဲတော်တွေ ရှိကြပါတယ်။ သင်္ကြန်ပွဲ ကျင်းပပုံခြင်း အတိအကျ မတူကြပေမယ့် နှစ်ဟောင်းက အညစ်အကြေးတွေကို ခ၀ါချပြီး နှစ်သစ်ကို ကြိုဆိုကြပုံခြင်းတော့ တူညီတယ်လို့ ဆိုနိုင်ပါတယ်။ သင်္ကြန်နေ့ရက်ခြင်းလည်း သိပ်မကွာခြားလှပါဘူး။