သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို
လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင်
အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား
တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း
စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက
တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင်
ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။
ထိုနေရာသို့
ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများတို့
စားဖွယ်သောက်ဖွယ်များကို စီမံသောအရပ်ဟုထင်၍ လာခဲ့၏။ ဤနေရာသည်
မြတ်စွာဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည်
မြတ်စွာဘုရားဟောကြားသော တရားတော်ကို မှတ်သားမိအောင် နာဦးမည်”ဟု
ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌နေလျှက် တရားတော်ကို ရိုသေစွာနာယူလေ၏။
မြတ်စွာဘုရားရှင်သည်
တရားဟောတော်မူရင်း ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်သည်ရှိသော်
ပရိသတ်အစွန့်အဖျား၌နေ၍ ရိုသေစွာ တရားနာကြားနေသော သုပ္ပဗုဒ္ဓလူနူကို
မြင်တော်မူလေ၏။
တရားဟောကြားပြီးသည်ရှိသော် သုပ္ပဗုဒ္ဓလူနူသည်
သောတာပတ္တိဖိုလ်တည်လေ၏။ သုပ္ပဗုဒ္ဓလူနူသည် မြတ်စွာဘုရားရှင်အား
မိမိရအပ်သောတရားထူးကို လျှောက်ထားချင်သော်လည်း ပရိတ်သတ်အလယ်သို့
ဝင်ခြင်းငှါ မဖြစ်နိုင်သောကြောင့် မြတ်စွာဘုရားကျောင်းသို့
ကြွတော်မူသောအခါမှ နောက်ကလိုက်သွားလေ၏။
ထိုအခါ သိကြားမင်းသည်
သုပ္ပဗုဒ္ဓလူနူ၏ တရားသိမြင်မှုကို စူးစမ်းလို၍ သုပ္ပဗုဒ္ဓလာသော လမ်းကစောင့်လျက်
သုပ္ပဗုဒ္ဓရောက်လာသောအခါတွင် “သုပ္ပဗုဒ္ဓ-သင်သည် လူ့ဘောင်လူ့လောက၌
ဆင်းရဲစွာဖြင့် တောင်းရမ်း စားသောက် နေရသောသူဖြစ်၏။ သို့ဖြစ်၍ သင့်အား
ငါသည် မရေမတွက်နိုင်သော ပစ္စည်းဥစ္စာတို့ကို ပေးမည်။ သင်သည် မြတ်စွာဘုရားအား
ဘုရားမဟုတ်၊ တရားတော်အား တရားမဟုတ်၊ သံဃာအား သံဃာမဟုတ်၊ ဘုရား တရား
သံဃာဖြင့် ငါ့အား အကျိုးမရှိ”ဟူ၍ ပြောဆိုပါဟု ခိုင်းလေ၏။
ထိုအခါ
သုပ္ပဗုဒ္ဓသည် “အသင်သည် အဘယ်သူနည်း”ဟု မေးသောအခါ ငါသည်
“သိကြားမင်းဖြစ်ပေ၏”ဟု သိကြားမင်းက ပြန်ပြောလေ၏။ သုပ္ပဗုဒ္ဓသည် သိကြားမင်းအား
အသင်သည် အလွန်မိုက်မဲ့သူ အရှက်မရှိသောသူဖြစ်၏။ အသင်ကဲ့သို့ ဘုရား တရား
သံဃာကို စော်ကားသော မိုက်မဲ့သော သိကြားမင်းနဲ့ ငါသည် စကားပြောဆိုခြင်းငှါ
မသင့်လျော်။
အသင်သိကြားမင်းက ငါ့အား ဆင်းရဲသူဟု မှတ်ထင်နေ၏။
ငါသည် ဆင်းရဲသူမဟုတ်။ ငါသည် ချမ်းသာမှု မှန်သမျှတို့တွင်
အမွန်မြတ်ဆုံးဖြစ်သော ချမ်းသာကို ရရှိသူဖြစ်၏။
ငါ့မှာ ရတနာသုံးတန်
ကံ ကံ၏အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရား၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်း
စာရိတ္တသီလနှင့် မကောင်းမှုတို့ကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း
ဝါရိတ္တသီလတို့ဖြင့် ပြည့်စုံသော သီလတရား၊ မကောင်းမှုပြုလုပ်ရမှာ
ရှက်ခြင်းဟိရီတရား၊ မကောင်းမှုပြုလုပ်ရမှာကြောက်ခြင်း သြတ္တပ္ပတရား၊ ကောင်းသော
အကြားအမြင်ရှိခြင်း သုတတရား၊ စွမ်းနိုင်သမျှ စွန့်ကြဲပေးကမ်းခြင်း
စာဂတရား၊ အမှန်ကို သိမြင်ခြင်း ပညာတရား တည်းဟူသော
သူတော်ကောင်းဥစ္စာ(၇)ပါးတို့သည် ထင်ရှားရှိကုန်၏။
ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော
ယောကျာ်းမိန်းမတို့ကို ဆင်းရဲသောသူ မဟုတ်ဟူ၍ ဘုရား ပစ္စေကဗုဒ္ဓါအစရှိသော
သူတော်ကောင်းပညာရှိတို့သည် သတ်မှတ်ကြကုန်၏ဟု ပြောဆိုလေ၏။
သိကြားမင်းသည်
သုပ္ပဗုဒ္ဓလူနူ၏စကားကိုကြားလျှင် မြတ်စွာဘုရားထံသို့
လျင်မြန်စွာသွားရောက်ပြီး အကြောင်းစုံကို မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ
မြတ်စွာဘုရားရှင်က သင်ကဲ့သို့သော သိကြားမင်းတို့သည် ပစ္စည်းဥစ္စာကို
ပေး၍သော်လည်းကောင်း သတ်လျှင်သော်လည်းကောင်း “လူကောင်း” တစ်ယောက်၏
အရည်အချင်းတို့နဲ့ ပြည့်စုံသော သုပ္ပဗုဒ္ဓလူနူသည် ဘုရား တရား သံဃာကို
ပစ်ပယ်မည် မဟုတ်ကြောင်း မိန့်တော်မူလေ၏။
အထက်ပါသာဓကကို
ကြည့်ခြင်းအားဖြင့် သူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသောသူကို
မည်ကဲ့သို့သောဥစ္စာ၊ မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြင့် စည်းရုံးပြီး
ရတနာသုံးပါး ကံ ကံ၏အကျိုးတရားစသည်တို့ကို ယုံကြည်မှုပျက်ပြားအောင်
မလုပ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည်
သူတော်ကောင်းဥစ္စာ(၇)ပါး တည်းဟူသော ချမ်းသာအစစ် အမှန်တို့နဲ့ ပြည့်စုံအောင်
အားထုတ်ကြရန် လိုပါသည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာနွယ်ဝင်များသည်
ဘာသာခြားတို့၏ ဖျားယောင်းမှုကိုခံရပြီး ဘာသာအယူဝါဒ ပြောင်းသွားသည်မှာ
ဤသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ မပြည့်စုံသောကြောင့်ပင် ဖြစ်ပါသည်။ ဘာသာအယူဝါဒ
ပြောင်းသွားသောသူများကို လေ့လာကြည့်သောအခါ ရတနာသုံးပါး ကံ
ကံ၏အကျိုးတရားဂုဏ်ကျေးဇူးတို့ကို ယုံကြည်မှု ရှိသော “လူကောင်း”တစ်ယောက်၏
အရည်အချင်းများနဲ့ မပြည့်စုံသောကြောင့်လည်းကောင်း၊ စီးပွားရေးကြောင့်လည်း
ကောင်း၊ ကိလေသာတဏှာလောဘကြောင့်လည်းကောင်း ဘာသာပြောင်းသွားကြခြင်း
ဖြစ်ပါသည်။
အကယ်၍ သူတို့၏သန္တာန်၌
“လူကောင်း”အရည်အချင်းများရှိခဲ့သော် သုပ္ပဗုဒ္ဓပြောသောစကားကဲ့သို့ မိမိမှာ
အချမ်းသာဆုံးဖြစ်သော သူတော်ကောင်းဥစ္စာ(၇)ပါးရှိ၍ လောကီဥစ္စာများနှင့်
လဲလှယ်ရန် မဖြစ်နိုင်ပါ။
သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည်
“လူကောင်း”တစ်ယောက်ဖြစ်အောင်၊ လူကောင်းအရည်အချင်းများနှင့် ပြည့်စုံအောင်
အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော
အကျိုးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပြီးလျှင်
မျက်မှောက် တမလွန်တို့၌ ကောင်းကျိုးချမ်းသာများကို ခံစားရ ပါလိမ့်မည်။
ယခုခေတ်၌
“လူကောင်း”နည်းပါးပြီး “လူကောင်း”ဟု ဟန်ဆောင်ပြီး
လိမ်လည်နေသောပုဂ္ဂိုလ်တို့ ပေါများလှပါသည်။ ထို့ကြောင့် “လူကောင်း”ဟု
ဟန်ဆောင်ကြသောပုဂ္ဂိုလ်များကို “လူကောင်း”ဟုတ် မဟုတ် စိစစ်တက်ရန်အတွက်
“လူကောင်း”တစ်ယောက်၏ အပေါ်ယံလက္ခဏာများကို ရေးသားတင်ပြလိုက်ပါသည်။
၁။ အသက်ရှင်သမျှ ကာလပတ်လုံး မိခင် ဖခင် ကျေးဇူးရှင်များကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း။
၂။ အသက်ရှင်သမျှ ကာလပတ်လုံး မိမိထက် အသက်သိက္ခာကြီးသူများကို ရိုသေလေးစွာဖြင့် ပြုမှုဆက်ဆံခြင်း။
၃။ အသက်ရှင်သမျှ ကာလပတ်လုံး သာယာချိုမြိန်ချစ်ဖွယ်ကောင်းသော စကားတို့ကိုသာ ပြောဆိုခြင်း။
၎။ အသက်ရှင်သမျှ ကာလပတ်လုံး ကုန်းတိုက်စကား မပြောဆိုခြင်း။
၅။ အသက်ရှင်သမျှ ကာလပတ်လုံး ၀န်တိုမှုကင်းစွာဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း။
၆။ အသက်ရှင်သမျှ ကာလပတ်လုံး သီလလုံခြုံခြင်း။
၇။ အသက်ရှင်သမျှ ကာလပတ်လုံး အကြားအမြင် ဉာဏ်ပညာရှိပြီး မှားယွင်းသောအပြုအမှုများ မပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။
အထက်ပါ
အချက်အလက်တို့နှင့် ပြည့်စုံမှုရှိမရှိကိုကြည့်၍သော်လည်းကောင်း၊ “လူကောင်း”
တစ်ယောက် ပြည့်စုံရမည့် အချက်အလက်တို့ ရှိမရှိကို ကြည့်၍သော်လည်းကောင်း
“လူကောင်း”ဟုတ် မဟုတ် သိနိုင်ပါသည်။
“လူကောင်းအစစ်အမှန်နဲ့
ပေါင်းဖော်ပါက လူကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မည်”ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ သော
မင်္ဂလာသုတ်လာ “လူဆိုးနှင့်မပေါင်းနဲ့ လူကောင်းပညာရှိနှင့်
ပေါင်းသင်းပါ”ဟူသော စကားတို့ကို လူတိုင်းပြောဆိုနေကြပါသော်လည်း
လူကောင်းဆိုတာ မည်ကဲ့သို့သောပုဂ္ဂိုလ် လူကောင်းနှင့်ပေါင်းဖော်လျှင်
မည်ကဲ့သို့သော အကျိုးတရားရရှိသည်ဟူသော အချက်တို့ကို သေချာကျနစွာ မသိသေးသော
ပုဂ္ဂိုလ်တို့က များပါသည်။
ထို့ကြောင့် လူကောင်းနှင့်ပေါင်းဖော်ရခြင်း၏ အကျိုးတရားများကို ရေးသားတင်ပြလိုက်ပါသည်။ လူကောင်းနှင့်ပေါင်းဖော်သောသူသည်.........
၁။ လူကောင်းတစ်ယောက်ဖြစ်ရခြင်း။
၂။ အသိအလိမ္မာ ဉာဏ်ပညာရှိသောသူ ဖြစ်ရခြင်း။
၃။ စိုးရိမ်ပူပင်သောက ကင်းရခြင်း။
၎။ ဆွေမျိုး ပရိတ်သတ်အလယ် တင့်တယ်စွာ နေရခြင်း။
၅။ နတ်ပြည်သို့ ရောက်ရခြင်း။
၆။ နတ်ပြည်၌ ကြာမြင့်စွာ အမြဲတည်နေရခြင်း။
၇။
ဒုက္ခအပေါင်းမှ ကင်းလွတ်ရခြင်းစသော အကျိုးတို့ကို ရရှိသည့်အပြင်
လူကောင်းတစ်ယောက်၏ တရားများ ကို ကျင့်ကြံအားထုတ်ပါက ၀ဋ်ဆင်းရဲမှ
လျင်မြန်စွာ လွတ်မြောက်နိုင်ခြင်းဟူသော အကျိုးတရားများကို ရရှိပါသည်။
ထို့ကြောင့်
ကျွန်ုပ်တို့လူသားများသည် မိမိကိုယ်တိုင်လည်း “လူကောင်း”တစ်ယောက်ဖြစ်အောင်
နေထိုင်ပြီး “လူကောင်း”များနဲ့သာ ပေါင်းသင်းပါက
လိုအပ်သောအကျိုးကျေးဇူးများကို ရရှိမှာသေချာပါသည်။
ထို့ပြင်
မျက်မှောက်တမလွန်အတွက် အကျိုးရှိသော လုပ်ငန်းတို့ကို လုပ်ဆောင်သောကြောင့်
ဖြစ်လေရာဘ၀မှာ နိဗ္ဗာန်သို့ရောက်အောင် အားထုတ်နိုင်သော ပုဂ္ဂိုလ်များ
ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ဤဖော်ပြခဲ့သော အချက်အလက်တို့ကို ပြည့်စုံအောင်
အားထုတ်ကျင့်ကြံကြပြီး “လူကောင်း”များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက်
“လူတော်လူကောင်း”ခေါင်းစဉ်ကို နိဂုံးချုပ်ပါရစေ။
ကောင်းကင်

No comments:
Post a Comment